မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ် အားလုံးတွင် E-MTU/Transponder(VMSကိရိယာ)များကို (၃၁-၁-၂၀၂၀) ရက်နေ့တွင် တပ်ဆင်ခဲ့ပြီးဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာန၏ VMS Control Centerများမှ စောင့်ကြည့်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ (၁-၂-၂၀၂၀)ရက်နေ့မှ (၃၁-၅-၂၀၂၀)ရက်နေ့ထိကမ်းနီးငါးလုပ်ငန်းရေပြင်၊ Marine Protected Area အဖြစ် သတ်မှတ်ထားသောလန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့်ငါးဖမ်းကွက် (F13,F14, F20, F21)များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသောစည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များ၏ ပိုင်ရှင်များ၊ ရေယာဉ်မှူးများ၊ တရားဝင်ရေယာဉ်ကိုယ်စားလှယ်များအားဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ အလားတူစည်းကမ်းဖောက်ဖျက်မှုမျိုးထပ်မံပြုလုပ်ခြင်းမရှိစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင်နိုင်ငံပိုင်သတင်းစာများတွင်ကြေညာခြင်း၊MRTVရုပ်သံတို့မှ အသိပေးကြေညာခြင်းနှင့် စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်စာရင်းအား ငါးလုပ်ငန်းဦးစီးဌာန၏Websiteတွင်(၅)ကြိမ်တိုင်တိုင် အသိပေးကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
တည်နေရာသတင်းအချက်အလက်ပေးပို့မှုမရှိသည့်ရေယာဉ်များ(Silent Vessels)၏ ပိုင်ရှင်များ၊ တရားဝင် ကိုယ်စားလှယ်များအားရေယာဉ်၏တည်နေရာသတင်းအချက်အလက်ပေးပို့မှုပြတ်တောက်စေမည့်စက်ဖြုတ်ခြင်း၊ စက်ပိတ်ခြင်းတို့ကိုလုံးဝမပြုလုပ်စေရန်၊ရေယာဉ်၏တည်နေရာပြန်လည်ပေးပို့စေရန်နှင့် အလားတူကိစ္စရပ်မျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန်အတွက်ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း အပြင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်ငါးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များသို့ဖြန့်ဝေအသိပေးခြင်းတို့ကိုလည်းအကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါစည်းကမ်းဖေါက်ဖျက်သည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ် များအား(၁-၆-၂၀၂၀)ရက်နေ့မှစတင်၍ ငါးလုပ်ငန်းဦးစီးဌာန၏တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၅/၂၀၁၈)နှင့်အညီအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများပြည်သူများနှင့် ရေလုပ်ငန်းရှင်များသိရှိစေရန်အသိပေးကြေညာအပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန