ငါးလုပ်ငန်းဦးစီးဌာနနှင့် FFI အကြား မြန်မာနိုင်ငံ ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု မူဘောင်စာချုပ်” လက်မှတ်ရေးထိုး
ငါးလုပ်ငန်းဦးစီးဌာနနှင့် FFI အကြား မြန်မာနိုင်ငံ ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု မူဘောင်စာချုပ်” လက်မှတ်ရေးထိုးခဲ့ပါသည်။
ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ဒေသအခြေပြု စီမံခန့်ခွဲမှုနည်းလမ်းများနှင့် သဘာဝအရင်း အမြစ်များ ထိန်းသိမ်းရေးလုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အထူးသဖြင့် LMMA (Locally Managed Marine Area) များ၊ Coral Reef များနှင့် Freshwater Fish Conservation Areas (FCAs) များသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးတွင် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည့်အပြင် ငါးသယံဇာတရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲနိုင်အတွက် အလွန်အရေးကြီးပါသည်။
LMMA များသည် ဒေသခံပြည်သူများကိုယ်တိုင် ပါဝင်စီမံခန့်ခွဲသော ပင်လယ်ဒေသများ ဖြစ်ပြီး ငါးဖမ်းလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန်၊ ငါးနှင့် ပင်လယ်သတ္တဝါများ၏ မျိုးပွားရာနေရာများကို ကာကွယ်နိုင်စေရန်နှင့် သဘာဝသယံဇာတများကို ရေရှည်အသုံးချနိုင် စေရန် အထောက်အကူပြုသည်။ ထို့အပြင် ဒေသခံလူထု၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်နိုင်စေသည်။
Coral Reef များသည် ပင်လယ်ဂေဟစနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ငါး၊ ပုစွန်နှင့် အခြားပင်လယ်သတ္တဝါများအတွက် အစားအစာရင်းမြစ်နှင့် နေထိုင်ရာအဖြစ် ဆောင်ရွက်ပေးသည်။ သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ပင်လယ်ဇီဝ မျိုးစုံမျိုးကွဲများ၏ မျိုးပွားနှုန်းကို မြှင့်တင်နိုင်သည့်အပြင် ကမ်းရိုးတန်းဒေသများကို လှိုင်းလုံးနှင့် ကမ်းပါးတိုက်စားမှုဒဏ်မှ ကာကွယ်ပေးနိုင်သည်။
Freshwater Fish Conservation Areas (FCAs) များသည် မြစ်၊ ချောင်း၊ အင်းနှင့် ရေကန်များအတွင်းရှိ ငါးမျိုးစိတ်များ၏ မျိုးပွားရာနှင့် ခိုလှုံရာနေရာများကို ထိန်းသိမ်းကာကွယ် ရန် ရည်ရွယ်ဖွဲ့စည်းထားသော နယ်မြေများ ဖြစ်ပါသည်။ FCAs များ၏ တည်ရှိမှုကြောင့် ငါးအရင်းအမြစ်များ ပြန်လည်တိုးပွားလာစေပြီး ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် LMMA များ၊ Coral Reef များနှင့် Freshwater FCAs များတည်ထောင်ခြင်း၊ ထိရောက်စွာ စီမံခန့်ခွဲထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်သည့် အခန်းကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ငါးလုပ်ငန်းဦးစီးဌာန၊ VMS ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု မူဘောင်စာချုပ်” လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး နှင့် Mr. Frank Momberg တို့က မြန်မာနိုင်ငံ ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု မူဘောင်စာချုပ်” ၂၀၂၆ခုနှစ် ဧပြီလ (၈)ရက် ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် နောင် (၅)နှစ်ကြာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအား မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို မြှင့်တင်ထိန်းသိမ်းရန်၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော ရေချိုနှင့် အဏ္ဏဝါမျိုးစိတ်များအပြင် ၎င်းတို့၏ ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် သက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် FFI မှ မြန်မာနိုင်ငံတာဝန်ခံနှင့် စီမံကိန်းတာဝန်ရှိများ တက်ရောက်ကြသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပူးပေါင်းဆောင်ရွက်မှု အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ရာ FFI -Myanmar သည် ၂၀၁၄ ခုနှစ်လောက်မှ စတင်၍ ပင်လယ်နှင့် ရေချိုဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာများကို ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် အခမ်းအနားသည် စီမံကိန်း Phase II သက်တမ်းကုန်ဆုံး၍ စီမံကိန်း Phase III အတွက် သက်တမ်းတိုး လက်မှတ်ရေးထိုးကြသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုလို ငါးလုပ်ငန်းဦးစီး ဌာနနှင့် နောင် ၅ နှစ်ကြာ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအတွက် ငါးလုပ်ငန်းဦးစီးဌာန ကိုယ်စား ကျေးဇူး အထူး တင်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ပြောကြားချက်များအပေါ် FFI မှ Mr. Frank Momberg က “ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ LMMA နှင့် FCA များ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သန္တာ ကျောက်တန်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် အပြုသဘောဆောင်သော ရလဒ်များကို မြင်တွေ့လာရပြီဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု သည်လည်း ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲရေးနှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုတိုးတက်လာကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လာမည့် (၅) နှစ်တာကာလအတွင်း FFI အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာန၏ မူဝါဒများနှင့် ကိုက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရေချိုနှင့် အဏ္ဏဝါဒေသများတွင် ထိရောက်သော သဘာဝသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသခံလူထုအား ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းနှင့် အခြား နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များကို လည်း ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးရင်း အခမ်းအနားအား နေ့လည်ပိုင်းတွင် ရုတ်သိမ်းခဲ့ကြပါသည်။
