လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းလိုအပ်ချက်အရ သွတ်သွင်းခန့်ထားခဲ့သော ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းဆင်း(၃၆)ဦးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းဆင်း(၇)ဦး၊ စုစုပေါင်း (၄၃)ဦးတို့အား လုပ်ငန်းခွင်ဝင်သင်တန်း၊ အမှတ်စဉ်(၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၉-၁၁-၂၀၂၆) ရက်နေ့ (၀၉:၃၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲကို ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယဝန်ကြီး(မွေးမြူရေး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြအရာထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယဝန်ကြီး(မွေးမြူရေး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယနေ့ကျင်းပပြုလုပ်တဲ့ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းခွင်ဝင်သင်တန်း(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ သင်တန်းသို့ တက်ရောက်ခွင့်ရရှိကြတဲ့ဒုတိယလက်ထောက်ဦးစီးမှူး (၃၆) ဦး၊ လက်ထောက်ဦးစီးမှူး(၆)ဦး၊ အကြီးတန်းစာရေး(၁)ဦး၊ စုစုပေါင်း(၄၃)ဦးကို နိုင်ငံတော်၏ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကစွမ်းအားစုများအဖြစ်တာဝန်ထမ်းဆောင်ရန်ဦးစွာတိုက်တွန်းရင်း ကြိုဆိုဂုဏ်ပြုပါကြောင်း၊ မောင်တို့မယ်တို့ထဲက(၃၆)ဦးဟာ ငါးလုပ်ငန်းသိပ္ပံသင်တန်းကျောင်း တွင် ငါးလုပ်ငန်းအထူးပြုပညာရပ်တွေကို (၃)နှစ်တာသင်ကြားတက်ရောက်ခဲ့ကြပြီးဖြစ်သလို (၇)ဦးကတော့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း နှင့်ရန်ကုန်)မှာ အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်းအတိုင်း အခြေခံဘာသာရပ်တွေကိုသင်ကြားခဲ့ ရတဲ့အပြင် နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များနိုင်ငံ့ဝန်ထမ်းကောင်းများနှင့်ခေါင်းဆောင် ကောင်းများဖြစ်လာစေဖို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပညာရပ် တွေကိုပါလေ့လာသင်ကြားခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယခုအခါ သင်တို့ရဲ့ ပညာရပ်ဆိုင်ရာအခြေခံအုတ်မြစ်များကိုဌာနရဲ့လုပ်ငန်းတာဝန်များနှင့်ချိတ်ဆက်ပြီး လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ ရယူရမည့်အချိန်အခါလည်းဖြစ်ပါကြောင်း၊ ယခုသင်တန်းဟာမောင်မယ်တို့အား ဌာန၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းကောင်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာများကို စတင်ဖလှယ်ပေးမဲ့ အဖိုးတန်အခွင့်အရေး တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် စားရေရိက္ခာ ဖူလုံစေရန်၊အစားအစာဘေး အန္တရာယ်ကင်းရှင်းစေရန်နှင့်စဉ်ဆက်မပြတ်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဥပဒေ နှင့်အညီ မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနရဲ့မျှော်မှန်းချက်မှာ ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဖြစ်ပါကြောင်း၊ ဤမူဝါဒများနှင့် လုပ်ငန်းစဉ်များဟာ မောင်တို့မယ်တို့ရဲ့ နေ့စဉ်လုပ်ငန်းတာဝန်များနှင့် တိုက်ရိုက်သက်ဆိုင်နေပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရဲ့လုပ်ငန်းခွင်များမှာဤမူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့အခါ အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်တဲ့အတွက် ဤသင်တန်းမှ ဗဟုသုတများကို ရယူကြရမှာဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်ရဲ့ စက်ယန္တရားကိုချောမွေ့ ထိရောက်စွာ လည်ပတ်နိုင်ဖို့ ဆောင်ရွက်ကြသူများဖြစ်ပါကြောင်း၊ ဌာနတစ်ခု၏ အောင်မြင်မှုသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျင့်ဝတ်သိက္ခာအပေါ် အများကြီးမူတည်နေပါကြောင်း၊ အဲဒါကြောင့် ဌာနအနေဖြင့်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကိုအထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဤလုပ်ငန်းခွင်ဝင်သင်တန်းသည် မောင်တို့မယ်တို့အား ဌာန၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သောအခြေခံဗဟုသုတနှင့် ကျွမ်းကျင်မှုများ ဖြည့်တင်းပေးမှာလည်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာဖို့ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသာမက စည်းကမ်းလိုက်နာဖို့နဲ့ တာဝန်ယူမှုတွေဟာလည်း အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုကို ထိန်းသိမ်းရမှာဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးစားပေးရမှာလည်းဖြစ်ပါကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများကိုရိုးသားကြိုးစားစွာထမ်းဆောင်ရမှာဖြစ်ပါကြောင်း၊ နောက်ထပ်မှာချင်တာတစ်ခုက ဝန်ထမ်းကောင်းပီသစွာကြိုးစားဆောင်ရွက်ရေးနှင့်ကျင့်ဝတ်သိက္ခာအကြောင်းအလေးအနက် မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့်နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများ နှင့် ဌာန၏လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာဖို့လိုပါကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများကို အလွဲသုံးစားပြုလုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမှာ ဖြစ်ပါကြောင်း၊ ဝင်ငွေနှင့်အထွေအထွေ ချိန်ခွင်လျှာညီအောင် သုံးစွဲခြင်းဖြင့် အဂတိကင်းရှင်းအောင် နေထိုင်ဖို့အထူးလိုအပ်ပါကြောင်း၊ ထို့ပြင်ပြည်သူတွေကိုလေးစားမှုရှိသော၊ယဉ်ကျေးသောပုံစံဖြင့် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံရေးနှင့် နိုင်ငံတော်အရေးကို ရှင်းလင်းစွာခွဲခြားသိမြင်ပြီးနိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ကိုယ်ကျင့်တရားနှင့်ဂုဏ်သိက္ခာကိုထိခိုက်စေမည့် ပြုမူဆောင်ရွက်မှုများကိုရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း၊ ဤကျင့်ဝတ်စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပြည်သူများက နိုင်ငံ့ဝန်ထမ်း များအပေါ် ယုံကြည်အားထားမှု တိုးပွားလာမှာဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ မောင်တို့မယ်တို့သည် ငါးလုပ်ငန်းသိပ္ပံသင်တန်းကျောင်းမှ (၃)နှစ်တာသင်ယူခဲ့သည့် အတွေ့အကြုံများကိုအခြေခံပြီး ဌာန၏ မူဝါဒများ နှင့်အညီ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ရောကိုယ်ပါ ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့သည် ဌာန၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြပြီး သင်တို့၏ ကြိုးစားအားထုတ်မှုသည် နိုင်ငံတော်၏ ငါးရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ ဤသင်တန်းမှ သင်ယူရရှိမည့် ဗဟုသုတများကို အပြည့်အဝအသုံးချပြီး ဝန်ထမ်းကောင်းတစ်ဦးအဖြစ် မိမိတို့၏တာဝန်ဝတ္တရားများကို ထူးချွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယဝန်ကြီး(မွေးမြူရေး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများအား လိုက်လံနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။
အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၃/၂၀၂၆)ကို (၉-၁၁-၂၀၂၆)ရက်နေ့မှ (၁၁-၁၁- ၂၀၂၆) ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ရေချို/ရေငန်ငါးပုစွန် မွေးမြူရေးအကြောင်း၊ ငါး/ပုစွန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည့် နည်းလမ်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ပို့ကုန်/သွင်းကုန်ဆိုင်ရာအကြောင်း၊ ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်း၊ နိုင်ငံတကာစီမံကိန်းနှင့် ပညာသင်ကြားရေး ဆိုင်ရာအကြောင်း၊ တရားမဝင်ငါးဖမ်းဆီးခြင်းဆိုင်ရာအကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာဥပဒေ များအကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာအကြောင်း၊ ဌာနတွင်းစာရင်းစစ်နှင့် စာရင်းစစ်ကန့်ကွက်ချက်များအကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်း၊ အချက်အလက်များအကြောင်း၊ ရေချို/ရေငန် ငါးသယံဇာတဆိုင်ရာအကြောင်း၊ ငါးရောဂါဆိုင်ရာအကြောင်း၊ မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ) စီမံကိန်း အကြောင်း၊ စီမံရေးရာနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းနှင့် ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ခြင်းအကြောင်းတို့ကို ဌာနရှိ အရာထမ်းများမှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါသည်။
