(၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ်နှင့် (၃၃)ကြိမ်မြောက် အာဆီယံ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲအစည်းအဝေးကျင်းပခြင်း
(၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်း အတိုင်ပင်ခံဖိုရမ်နှင့် (၃၃)ကြိမ်မြောက် အာဆီယံ ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းအဖွဲအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ မှ ဇူလိုင် ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျ လက်ခံကျင်းပခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ (၁၇)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် (The 17th Meeting of the ASEAN Fisheries Consultative Forum) ကို ရန်ကုန်မြို့ရှိ Summit Parkview Ball room ခန်းမတွင် ကျင်းပခဲ့ပါသည်။
(၁၇)ကြိမ်မြောက်အာဆီယံငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် မလေးရှား နိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ Mr. Nazri Bin Ishak နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးတို့မှ ဖွင့်ပွဲမိန့်ခွန်းပြောကြားကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော အာဆီယံငါးလုပ်ငန်းဆိုင်ရာအဖွဲဝင်များသည် ဖွင့်ပွဲအမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါသည်။
ထိုနောက် အစည်းအဝေးကို ကျင်းပရာ သဘာပတိအဖြစ် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးနှင့် ပူးတွဲသဘာပတိအဖြစ် ဖိလစ်ပိုင်နိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန Ms. Maria Abegail Albaladejo တို့မှ ဆောင်ရွက်ကြသည်။ အစည်းအဝေးသို အာဆီယံအဖွဲဝင် နိုင်ငံများဖြစ်သော ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ SEAFDEC နှင့် ငါးလုပ်ငန်းမိတ်ဖက်အဖွဲအစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးအား အာဆီယံဒေသတွင်း ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို အထောက်အကူပြုရန် ရည်ရွယ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများ၏ ငါးလုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များကို ဆွေးနွေးညှိနှိင်းသည့် အာဆီယံငါးလုပ်ငန်း အတိုင်ပင်ခံဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲဝင်နိုင်ငံများ အနေဖြင့် ငါးဖမ်းစွမ်းအားထိန်းချုပ်ခြင်းနှင့် ဇုန်စနစ်ဖြင့် သတ်မှတ်ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော အသေးစားငါးလုပ်ငန်းများ ဖြစ်ပေါ် လာရေး၊ ငါးသယံဇာတပြန်လည်တိုးပွားရေးအတွက် မြှင့်တင်ဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းအပေါ် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု၊ တရားမဝင်ငါးဖမ်းဆီးမှုများ တိုက်ဖျက်ခြင်းနှင့် ရေထွက်ကုန်များ နောက်ကြောင်းခြေရာခံသည့်စနစ် ဆောင် ရွက်ခြင်းစသည့် ကိစ္စရပ်များကို ဆွေနွေးတင်ပြကြမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးချက် ရလဒ် များကို ဇူလိုင် ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် အာဆီယံဒေသတွင်း ငါးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲအစည်းအဝေးတွင် ဆွေးနွေးတင်ပြ သွားမည်ဖြစ်ပါသည်။
အဆိုပါ အစည်းအဝေးသို အာဆီယံအဖွဲဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲအစည်းများမှ ကိုယ်စားလှယ်(၂၅)ဦးနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ (၁၂)ဦး စုစုပေါင်း ၃၇ ဦးတက် ရောက်ခဲ့ကြပါသည်။
